နိုင်းမြစ်


 အီဂျစ်နိုင်ငံအပိုင်းရှိ နိုင်းမြစ်
နိုင်းမြစ်သည် အလျားမိုင်ပေါင်း ၄၀၀၀ ခန့်ရှိ၍ အာဖရိကတိုက်တွင် အရှည်ဆုံးဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယ အရှည်ဆုံး မြစ်တသွယ်ဖြစ်သည်။ ထို့အပြင် ကမ္ဘာပေါ်တွင် အီကွေတာအနီးတွင် မြစ်ဖျားခံ၍ သမပိုင်းဇုန်အတွင်းသို့ စီးဝင်သည့် တစ်ခုတည်းသော မြစ်လည်း ဖြစ်သည်။
နိုင်းမြစ်၏ မြောက်ဘက်၌ မြေထဲပင်လယ်၊ အရှေ့ဘက်၌ အာရေဗျသဲကန္တာရနှင့် ပင်လယ်နီ၊ တောင်ဘက်၌ ဆူဒန်နိုင်ငံနှင့် အနောက်ဘက်၌ လစ်ဗျန်သဲကန္တာရတို့ အသီးသီး တည်ရှိသည်။
နိုင်းမြစ်သည် မြစ်ညာတွင် နိုင်းမြစ်ပြာနှင့် နိုင်းမြစ်ဖြူဟူ၍ မြစ်နှစ်သွယ်အဖြစ် တည်ရှိရာ နိုင်းမြစ်ပြာသည် အက်ဗီးဆီးနီးယန်း တောင်တန်းများတွင် မြစ်ဖျားခံ၍ နိုင်းမြစ်ဖြူသည် အာဖရိကတိုက် အလယ်ပိုင်းရှိ ဝိတိုရိယအိုင်၊ အဲလဘတ်အိုင်နှင့် အက်ဒွပ်အိုင်တို့၌ မြစ်ဖျားခံသည်။ နိုင်းမြစ်ဖြူသည် ယင်းသို့ မြစ်ဖျားခံကာ မြောက်ဘက်သို့ စီးဆင်းသွားရာ ကွန်ဂိုမြစ်၏ အရှေ့မြောက်ဘက် အရပ်တွင် များပြားလှစွာသော မြစ်ချောင်းတို့ စီးဝင်ပေါင်းဆုံသည်။ ခါတွမ်းမြို့အနီးသို့ ရောက်သောအခါ နိုင်းမြစ်ပြာနှင့် ပေါင်းဆုံမိလေသည်။
ထိုမှတဖန် နိုင်းမြစ်သည် သဲကန္တာရဒေသကို ဖြတ်သန်း၍ မြောက်ဘက်သို့ ဆက်လက်စီးဆင်းသွားရာ မြစ်ကြောင်းသည် တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်။ နိုင်းမြစ်သည် အီဂျစ်နိုင်ငံမြို့တော် ကိုင်ရိုမြို့၏ တောင်ဘက်တွင် ပေ ၃၀၀ ခန့်ပင် မကျယ်တော့ချေ။ ခါတွမ်းမြို့နှင့် အက်ဆူးဝန်မြို့တို့အကြားတွင် ရေတံခွန်ကြီး ၆ ခုရှိသည်။ ယင်းတို့ကြောင့် လှေသင်္ဘောများ ခုတ်မောင်းသွားလာရန် ခက်ခဲသည်။ နိုင်းမြစ်သည် အီဂျစ်နိုင်ငံကို ဖြတ်သန်းစီးဆင်းပြီးသော် မြစ်ဝတွင် ရေကြောင်းနှစ်သွယ် ဖြစ်လျက် မြေထဲပင်လယ်တွင်းသို့ စီးဝင်သည်။
နိုင်းမြစ်ဝှမ်းသည် ကမ္ဘာပေါ်တွင် လယ်ယာစိုက်ပျိုးလုပ်ကိုင်ရန် မြေဩဇာ အကောင်းဆုံးသော ဒေသများတွင် အပါအဝင်ဖြစ်၍ ဘီစီ ၅၀၀၀ ခန့်ကပင် အီဂျစ်တောင်သူလယ်သမားတို့ စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည်။ နှစ်စဉ် နွေရာသီနှောင်း ကာလများတွင် နိုင်းမ်စြသည် ပတ်ဝန်းကျင် မြေနိမ့်ဒေသတခွင်ကို ရေလွှမ်းမိုးလေ့ရှိသည်။ ယင်းသို့ လျှံတက်လာသော မြစ်ရေများ ပြန်လည်ကျဆင်းသွားသောအခါ ထိုမြေနိမ့်ဒေသများတွင် နုံးတင်မြေနု၊ မြေဆီ​မြေနှစ်များ တင်ကျန်ခဲ့လေသည်။
နိုင်းမြစ်ရေလွှမ်းမိုးခြင်း၏ အကျိုးကျေးဇူးကို နှစ်စဉ်နှစ်တိုင်း အထူးခံစားရသော ဒေသမှာ အက်ဆူးဝန်မြို့၏ မြောက်ဘက်ဒေသပင် ဖြစ်သည်။ အက်ဆူးဝန်တွင် ဆည်ရိုးကြီးတစ်ခု ဆောက်လုပ်ထားသည်။ နိုင်းမြစ်ဝှမ်းမှ ဝါဂွမ်းတစ်ဧကထွက်သည် အမေရိကန်ပြည်ထောင်စုမှ ဝါဂွမ်းတစ်ဧကထွက်၏ နှစ်ဆခွဲခန့်ရှိသည်။ နိုင်းမြစ်၏ မြစ်ဝကျွန်းပေါ်ဒေသသည် လူဦးရေ ထူထပ်သည်။ မြေဩဇာ ထက်သန်သည့် မြေတစ်လက်မမျှပင်မချန် တနှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြသည်။ နွေရာသီတွင် ဆည်မြောင်းများဖြင့် ရေသွင်းစိုက်ပျိုးသည်။ နိုင်းမြစ်ဝှမ်း၌ ဆောင်းရာသီတွင် ဂျုံ၊ မုယောစပါး၊ ကလိုဗာပဲပင်၊ ပဲတောင့်နှင့် ဟင်းသီးဟင်းရွက် စသည်တို့ကို စိုက်ပျိုး၍ နွေရာသီတွင် အများအားဖြင့် ဖူး​ပြောင်း၊ ကြံနှင့် ဝါဂွမ်း စသည်တို့ကို စိုက်ပျိုးကြသည်။
နိုင်းမြစ်ကမ်းပါး တလျှောက်တွင် ကမ္ဘာ့ယဉ်ကျေးမှု အစပြုခဲ့သည်ဟု ဆိုနိုင်သည်။ အီဂျစ်နိုင်ငံနှင့် ဆူဒန်နိုင်ငံတို့အပေါ်တွင် နိုင်းမြစ်၏ ကျေးဇူးကား ကြီးမားလှပေသည်။ မြေကြီးကို မြေဩဇာ ထက်သန်စေရန်နှင့် ရေသွင်းစိုက်ပျိုးရန်အတွက် လိုအပ်သမျှ ရေကို ရရှိစေရန် နိုင်းမြစ်သည် နှစ်စဉ်ရေလျှံခြင်း မရှိခဲ့သော် ပတ်ဝန်းကျင် ဒေသတစ်ခုလုံးသည် သဲကန္တာရအတိ ဖြစ်သွားဖွယ်ရှိသည်။
ကိုးကား
မြန်မာဝီကီ

0 comments:

Post a Comment